Saturday, October 31, 2009

ခွေခေါက်လဲနေတဲ့စက္ကူချပ်ထဲက ငါ


ကျွန်တော်ဘလော့ရေးတာနှစ်နှစ်ပြည့်ပါပြီ..ဘလော့သက်တန်းနှစ်နှစ်ပြည့်ပြီပေါ့…

အခုလိုနှစ်နှစ်ကြာရပ်တည်နေနိုင်အောင် ရေးထားသမျှစာတွေ..ကဗျာတွေ..

ဖန်တီးထားသမျှ ပန်းချီတွေ ဒီဇို်င်းတွေကို လာရောက် ဝေဖန် အကြံပြုပေးကြတဲ့

ဘလော့ဂါ ညီအစ်ကို မောင်နှမ သူငယ်ချင်း အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်...


ခွေခေါက်လဲနေတဲ့စက္ကူချပ်ထဲက ငါ

သွားပြီ

ခွေခေါက်လို့လဲသွားပြီ

တစ်ရက်တစ်ရက်နဲ့ထူမတ်နေကြရဲ့

တစ်ခွက်တစ်ခွက်နဲ့ အချိုသပ်နေကြရဲ့

ရင်ဘတ်ထဲက မြစ်တစ်စင်းကတော့

ခြောက်လို့ သွေ့လို့…။


ဟိုက်ဒရိုဂျင်ဝ ပူဖောင်းတစ်လုံး

အထက်ကို ပျံတက်ချင်ခဲ့

ချည်ထားတဲ့ကြိုးက တင်းစဲ မြဲစဲ

စုန်းစုန်းချုပ်သွားတဲ့ မိုး

အခါခါ လင်းချင်းမှာ အိပ်ခဲ့ရဲ့…


ဘယ်တော့ပြန်လာမှာလဲတဲ့

ကိန်းဂဏန်း ရာထောင်ချီမက

မူးနောက်လို့..။


ကြွေသွားတဲ့ သစ်ရွက်ကို

သစ်ပင်နဲ့ သစ်ကိုင်းက

လစ်လျူရှုလို့…။


လဖက်ရည်ခွက်ထဲက

ညနေခင်းဟာလည်း

မှုန်လို့.. မှိုင်းလို့…။


လည်ပင်းအချင်းချင်း လိမ်ခဲ့ကြ

ခြေထောက်အချင်းချင်း ခွေခဲ့ကြ

သူတို့စကား ငါခါးတဲ့အခါ

ငါ့စကား သူတို့ခါးပေါ့…။


မျက်လုံးအချင်းချင်းတော့မြင်တယ်

ရင်ဘတ်မတူတာပဲရှိတယ်။


အချိုရှာ သကာမှောက်သွားတဲ့

ကမ္ဘာကြီးက ဖောင်းကားလို့..။


ပြတိုက်ထဲရောက်သွားတဲ့

ပြက္ခဒိန်မှာ ရက်ရာဇာပျောက်လို့…။


နှလုံးသားဓါတ်စာအတွက်

ခွေးဟောင်တောင် ထမကြည့်တဲ့

သူတွေက အိပ်မောကျလို့…။


ပြတင်းဘောင် ပေါ်က

ဆေးလိပ်တိုက

ငါ့ကို

လှောင်လို့ ပြောင်လို့..။


မိုးကြယ်

Friday, September 18, 2009

မိုးရွာသောနေ့တစ်နေ့


အဲဒီနေ့ကမိုးတွေရွာနေတယ်
မိုးစက်တွေရဲ့ ရင်ခွင်တံခါးခေါက်သံအဆုံး
ချစ်သူရဲ့ နှုတ်ခမ်းပါးမှာ
အပြုံးတို့ တွဲရွဲခိုလို့..

သစ်ရွက်ကလေးတွေရဲ့
ရယ်သံလွင်လွင်တစ်ချို့ကိုကြားရတယ်...

ယုဇနပန်းပင်အောက်
ရင်ခုန်သံခြင်းတီးခေါက်မိတယ်..

ပန်းပွင့်လေးတွေရဲ့
အိပ်မက်ကို တို့နှစ်ယောက်ပိုင်သတဲ့..

အဲဒီနေ့က ပေါ့..
မိုးတွေရွာချနေတယ်..

ကျွန်တော်ဟာ
ချစ်သူပါးပြင်ထက်က သနပ်ခါးလေးဖြစ်တယ်...

မိုးကြယ်

မျက်ဝန်းတစ္ဆေ

အသေခံချင်သည့်ကြောက်စိတ်



သဇင်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

စာမျက်နှာပေါ်ကဆွဲစုတ်ခံလိုက်ရတဲ့ကဗျာများအကြောင်း



သဇင်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

သူမကိုအသစ်ပြန်စိုက်လိုက်တဲ့သစ်ပင်





သဇင်မဂ္ဂဇင်း ဇူလိုင် ၂၀၀၉

တင်းကြပ်မှုများမပေါက်ကွဲခင်





သဇင်မဂ္ဂဇင်း ဇူလိုင် ၂၀၀၉

Wednesday, June 17, 2009

အိပ်မက်အလွန်


ဘလော့နဲ့ကင်းကွာနေတာတော်တော်ကြာပါပြီ.. အလုပ်တွေများလွန်းလို့ ဘလော့မဂင်းနိုင်တာပါ...
ဘလော့တွေကို မလည်ဖြစ်တာလည်း နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ.. ဘလော့ဂါ မိတ်ဆွေ သူငယ်ချင်း
များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်..

မိုးကြယ်

Tuesday, May 26, 2009

ရပ်ဝန်းသစ် ခေတ်ပြိုင်စာစု























ဘလော့ဂါ မိတ်ဆွေ၊ သူငယ်ချင်းများ အား ရပ်ဝန်းသစ် ခေတ်ပြိုင်စာစုလေးနှင့်မိတ်ဆက်ပေးပါရစေ။
ကျွန်တော်လည်း ဟိုနေရာနည်းနည်း၊ ဒီနေရာနည်းနည်းပါနေလို့..
ဘလော့မှာတင်ပေးလိုက်တာပါ..

မိုးကြယ်


စာပေအနုပညာ ၀ါသနာပါသော မိတ်ဆွေသူငယ်ချင်းများသို့...

မိတ်ဆွေတို့၏ စာပေအနုပညာများကို စုစည်းဖတ်ရှုရန် အလို့ငှာ လစဉ်စာအုပ်တစ်အုပ်ကို အွန်လိုင်းဖြန့်ချိရန် ကျွနု်ပ်တို့
ရည်ရွယ်နေပါသည်။ လစဉ်ပုံမှန် ထွက်ရှိနိုင်ရေးအတွက်စာမျက်နှာအရေအတွက်မှာ ကန့်သတ်မှုရှိနေပါသည်။ စာအုပ်မှာ
E-book အမျိုးအစား ဖြစ်၍ အခမဲ့ဖြန့်ချိပါမည်။ မိတ်ဆွေတို့၏ အနုပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို လေးစားစွာ
ဖိတ်ခေါ်အပ်ပါသည်။



စာအုပ်၏ရည်ရွယ်ချက်၊ ပုံသဏ္ဌန်ကိုခန့်မှန်းရန်အတွက် အသေးစိတ်မိတ်ဆက်လိုပါသည်။
(၁) E-book အမျိုးအစား ရောင်စုံစာအုပ်ဖြစ်ပါသည်။
(၂) အခမဲ့ online မှတဆင့်ဖြန့်ဝေပါမည်။
(၃) တစ်လတစ်ကြိမ်ထွက်ရှိပါမည်။
(၄) စာမျက်နှာ ကန့်သတ်ချက်ရှိပါသည်။
(၅) အခန်းကဏ္ဍ (၄)ခုပါဝင်ပါမည်။
(တစ်ပုဒ်လျှင်တစ်မျက်နှာထက်မကျော်ရပါ။)
(က) ကဗျာ ၅ ပုဒ်
(ခ) ကတွန်း ၁ ပုဒ်
(ဂ) ဆောင်းပါး ၁ ပုဒ်
(ဃ) ၀တ္ထုတို ၃ ပုဒ်

(၆) စာအုပ်၏ မျက်နှာဖုံးနှင့် မျက်နှာဖုံးပါခေါင်းစဉ်သည် စာပေ၀ါသနာရှင်များ တိုက်ဆိုင်ခံစားရေးသား
နိုင်ရန် ရည်ရွယ်ပါသည်။ ခေါင်းစဉ်နှင့် မတိုက်ဆိုင်သော ပုဂ္ဂလိက ခံစားချက်များကိုလည်း ရေးသား
ပေးပို့နိုင်ပါသည်။
(၇) နောက်လထွက်ရှိမည့် စာအုပ်၏ အဖုံးကို စာအုပ်၏နောက်ဆုံးစာမျက်နှာတွင် ကြည့်ရှူနိုင်ပါသည်။
(က) ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတို စသည်တို့ကို မိတ်ဆွေတို့မှ ပေးပို့နိုင်ပါသည်။
(ခ) ကျွနု်ပ်တို့၏ E-mail (yatwonthit@gmail.com) သို့မြန်မာစာဖြင့်ရိုက်ပြီးပေးပို့ရပါမည်။
(ဂ) E-book ဖြစ်သည့်အတွက် ကာတွန်းများအားလုံး ကွန်ပျူတာဂရပ်ဖစ်ဖြင့် ပေးပို့ရပါမည်။

(၈) စာအုပ်၏ ခေါင်းစဉ်မှာ တစ်လတစ်ကြိမ်ပြောင်းရန် ရည်ရွယ်ထားပါသည်။ ဖတ်ရှုသူများမငြီးငွေ့စေရန်
ရည်ရွယ်ပါသည်။

ပထမဆုံးထွက်ရှိလာသော ဇွန်လအတွက် ရပ်ဝန်းသစ်ခေတ်ပြိုင်စာစု စာအုပ်ကို Download လုပ်နိုင်ပါသည်။



ပေးပို့ရန်လိပ်စာ... yatwonthit@gmail.com

ခင်မင်လေးစားစွာဖြင့်၊
ရပ်ဝန်းသစ်

Saturday, May 2, 2009

ဝိဥာဉ်အူသံ



ဝိဥာဉ်အူသံ

ကောင်းကင်ဟာအနီရောင်သန်းနေပြီ.
ဆိုပါတော့..
မိုးချုပ်သွားတာများ လက်ဖျားခါရက်တယ်
ပန်းတပွင့်အတွက် လရောင်ဟာလည်း
ချိုတတ်ပါရဲ့..

တံစက်မြိတ်အစွန်းမှာ
တွဲရွဲခိုလမင်း
တဖြည်းဖြည်းစင်းလာတဲ့ အမောများ…
ခေါင်းတလားတလုံးဟာ
ဝုန်းဒိုင်းကြဲအော်သံတွေကြားမှာ
ကိုယ့်ကိုယ်ကို ဆွဲပိတ်ပစ်လိုက်တယ်။

နီရွန်ကားချပ်များ တောက်ပနေလေရဲ့
အဲဒါ အ၀ါရောင်…လောင်ကျွမ်းခြင်း.
သေဆုံးခြင်း…..
ညဟာလည်း မြွေတကောင်ရဲ့တွန်သံမှာ
ငြိမ့်ညောင်းပျော်ဝင်လို့..။

မီးလျှံများထားသွားခဲ့
အခိုးများအဖြစ်ကာသွား
လောင်ကျွမ်းခြင်း တ၀က်တပျက်နှင့်
အိပ်မက်နံပါတ် ၁၃ အရောက်
ခေါင်းလောင်းသံ တချက်ကြားတယ်။

ဒဏ်ရာရခြောက်ခြားဖွယ် နေ့ရက်များ
ပူပြင်း..လှိုက်စားခံ ဘ၀..
ညတာရှည် ခရီးများအဆုံး
ကောင်းကင်ဟာလည်း အနီရောင်သန်းနေပြီ။

ခေါင်းတာလားမြည်သံများ
အူကျက်နေသည့် မြေနံ့များမှ
နိုးထခဲ့…
အလောင်းစင်နံဘေး
ထိတ်လန့်ဖွယ် အော်သံများဆုံး
ငါ ဂယောက်ဂယက်နှင့်ထထိုင်…
…….
………..
ငါ…ငါ…
ခန္ဓာမှားသွားတဲ့ ၀ိဥာဉ်တကောင်။

မိုးကြယ်

Tuesday, April 28, 2009

အသစ်တဖန်

အလင်းနေ့ကောင်းကင်

Friday, April 17, 2009

နှင်းဆီတမ်းချင်း


Sunday, April 12, 2009

ရွာ

သစ်တစ်ပင်ရဲ့ကားချပ်များ



သစ်တစ်ပင်ရဲ့ကားချပ်များ

ငါတို့ရဲ့ညောင်းညာနေသောစိတ်များ
ပခုံးပေါ်ထမ်း လမ်းလျှောက်ခဲ့ကြ
မနက်ဖြန်တွေ တောချောက်သလိုခံစား
ဒိုင်ခွက်ထဲက အချိန်ကောင်ရဲ့
ဟားတိုက်သံတောင် နပ်မမှန်ခဲ့တော့
မနက်စာကိုလည်း ဖြစ်သလိုစားခဲ့ပေါ့။

ငါတို့ဟာ ဖားကောင်တွေပါ
ဂျွန်စတိန်းဘတ်ရဲ့ တော်တီလာဖလတ်ရပ်ကွက်အောက်က
ဖားကောင်ကောင်တွေပါ။
ဆောင်းဦးပေါက်ချင်းအတွက် ၀ိုင်တပုံးအတွက်
သံပြိုင်အော်ရင်း မိုးခေါ်ခဲ့ကြတာလည်းအကြိမ်ကြိမ်…
မိုးမရွာတာလည်း အကြိမ်ကြိမ်..
အဲသည်လိုနဲ့ ကိုယ့်အော်သံကိုယ်ခြောက်ခြား
လန့်ဖျား ဖျားခဲ့ကြ။

ဒီကူးနင်းရဲ့မိန်းမမှာ
ချစ်စရာကင်းနေတယ်ဆို
ခံစားခဲ့တဲ့အတိုင်းပဲ ၀တ်ဆင်ကြည့်ပါလား
အမည်ပေါက် ပုလင်းတလုံးနဲ့
အဲသည် ကားချပ်တွေအောက်မှာ
အခိုးတလူလူမှုတ်ထုတ်
ငါတို့ မိုးချုပ်ခဲ့တာပဲ။

အခါးဓါတ်ကလူနဲ့ တည့်တယ်ဆို
အဲလိုတွေး
လောကကလည်း မာယာများသား..
ငါတို့ဟာလည်း ထောင်ချောက်တွေပေါ့
တခါခါများ ယုံထောင် ကြောင်မိသေးတာပဲ
အလျားလိုက်ပဲ တိုင်းထွာကြရအောင်ပေါ့။

ခေတ်ဆိုတာလည်း ဒီလောက်တော့စီးမပေါ့
ကိုယ်ကိုတိုင်အလံထူရအောင်လည်း
ကိုယ့်ကိုယ်ကို ခုတ်ထွင်ရှင်းလင်းရ
ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးရနဲ့
လမ်းများဟာလည်း ပင်ပန်းလွန်းပါတယ်။

မနက်ဖြန်တိုင်းတော့
ဒီနေ့လောက်ဘယ်သေချာနိုင်မှာလည်း
ခပ်ဖြေးဖြေးတွေး ရေးရေးပေါ်
သူငယ်ချင်းရေ အနာတော့ပြည်မမှည့်စေနဲ့
မင်းအတွက်တော့
ငါ ကဗျာတပုဒ် လောင်းချပစ်ခဲ့တယ်။

ငါတို့ ဆောက်တည်ခဲ့တဲ့
ဟင်းလင်းတံခါးမှာ မြူတွေသီနေပြီ.
ပေါင်းတွေလည်း ရင့်ထော်နေပြီ.
သံချေးတက် ပတ္တာတွေလည်း
သံစုံမြည်နေပြီ..
ခြေရာတွေကတော့ မှုန်ဝါးဝါးနဲ့
ခြောက်ကပ်နေဆဲ…
ကြယ်ကြွေကောင်းကင်ကိုလည်းမျှော်နေဆဲပေါ့..

မင်းရဲ့ ရာသီအတွက်
အခုများဆို
တိတ်ဆိတ်ခြင်း မှတ်တိုင်တွေချဉ်းနင်းဝင်ရောက်
မင်းတယောက် ၀မ်းမြောက်ပါတော့ကွာ။

မိုးကြယ်

သူငယ်ချင်းရေ မင်းနှုတ်မဆက်ပဲခွဲခွာသွားပေမဲ့ ငါတို့ရဲ့ဟင်းလင်းတံခါး ကိုတချိန်မှာတော့ မင်းပြန်လာခေါက်မယ်ဆိုတာ ငါယုံကြည်နေပါတယ်။

စိတ်ကူးတွေမြှုပ်နှံ
အိပ်မက်တွေ ပလပ်ခံရတဲ့
ကမ်းဘားမှာ
ငါ အလံဖြူတစ်လက်စိုက်ခဲ့တယ်...

မိုးကြယ်